Tuesday, October 20, 2009 By: မင်းနေဝေး

အိမ်လွမ်းသူရဲ့ ကာရံမညီသောတေးတစ်ပုဒ်

တစ်နေရာ တစ်ဘာသာဆန်းတယ်
ခေတ် နဲ့ အညီ ရှိခဲ့ပေမယ့်
မမြင်မစမ်း လှမ်းမိနေတဲ့ ခြေလှမ်းအတွက်
ရာသီစာ မရှိခဲ့ဘူး ….

အိပ်မက် မက်တိုင်းတစ်ရေးနိုးရတယ်
ခြားနားတဲ့ လေထုမှာ
နှစ်သက်ခဲ့ဖူးတဲ့ ကာရံမပါခဲ့ဘူးလေ ..

တမ်းတမိပါရဲ့
ငယ်စဉ်အခါက ရေတစ်စက်ကို
ခုချိန်ခါမှာ
လန်းဆန်းမှုဆိုတာ … နှလုံးသားမှာ မှိုင်းမိနေရတယ် …

မျက်စိဖွင့်ခြင်း နဲ့ မှိတ်ခြင်းမှာ
အရောင်ပြောင်းတယ် ..
စိတ်စေရာက လွတ်လပ်တဲ့ မြက်ခင်းမှာ
မိုးဆမ်းတဲ့ မြေသင်းနံ့နဲ့ ပျံသန်းလို့
အချည်အနှောင်မဲ့ …..

ကောင်းကင်နဲ့ မြေကြီး
ဒီရင်ခွင်ချင်းတူပေမယ့်
နွေးထွေးမှု က မေတ္တာခြားနေရတယ် …..

နားလည်ခဲ့ပါပြီ ..
ငယ်ငယ်က ဆိုခဲ့ဖူးတဲ့ ကဗျာတစ်ပုဒ်ကို ..
အမေတိုက်ကျွေးတဲ့ နို့ရေနဲ့
အဖေ ခွဲကျွေးမယ့် အုံးသီးတစ်လုံး
ခုတော့ မိုးရွာတိုင်း မျက်ရည်က ဓါးစာခံ …..

ဘာများတတ်နိုင်မှာလည်း …..

အချိန်မှီ်ပွင့်တဲ့ပန်းတော့ မဟုတ်ဘူး
အိပ်ရာဝင်ပုံပြင်တွေ နှစ်သက်တဲ့
ကလေးတစ်ယောက်အတွက်တော့
ဒီရာသီတွေကိုက စောလွန်းခဲ့တယ်
ကံကြမ္မာရယ် ….

အခုတော့
နေ့ရယ် .. ညရယ် .. ငါ ရယ်
တီးခတ်မရတဲ့ သီချင်းတစ်ပုဒ်ရယ်
အလွမ်းတွေ များလွန်းတယ် ……


ကျွန်တော်ရေးပေမယ့် ကျွန်တော် မပိုင်တဲ့ ကဗျာတစ်ပုဒ်ပါ .....

0 comments:

Post a Comment

အချစ်ကို သင် မျက်စိနဲ့ ပဲ ကြည့်ပါ .. နှလုံးသားက မမြင်ပါစေနဲ့  ....