Friday, June 12, 2009 By: မင်းနေဝေး

အပိုင်း - ဝ

အချစ်ကိုရင်ဆိုင်ဖို့ သတ္တိတွေ မလုံလောက်သေးပါပဲ ကျွန်တော်ချစ်ခဲ့မိပြီ ... အဲ့ဒီ ခံစားချက်ကို အကြိမ်ကြိမ်
ငြင်းဆိုနေပင်မယ့်လည်း ခုန်နေတဲ့ ရင်က ကျွန်တော့်ဘက်က ပါမလာခဲ့ဘူးလေ ..... ပိုင်ဆိုင်နေရပါလျှက်နဲ့
သူများက ချုပ်ကိုင်နေသလို ...ဘယ်လို ခံစားချက်များပါလိမ့် .. နွေးထွေးမှု .. ချိုမြိန်မှု .. ပျော်ရွှင်မှု ..
ကျွန်တော့်စိတ်ထဲမှာ မရည်ရွယ်ပါပဲ သာယာခဲ့မိတယ် ..သြော် ... အချစ်ဆိုတာ လိုချင်သည် ..မလိုချင်သည်
ပြောဆိုချိန် .. စဉ်းစားချိန် မရလိုက်ပါပဲ အချိန်အခါမဟုတ် ရွာချတဲ့မိုးလို နင့်နင့်နဲနဲကို စိုရွှဲစေတာပါပဲလား ...
ဘယ်သူကများ ထင်မှာလည်းနော် ... လက်တစ်ဖက်ကိုတောင် မကမ်းလင့်မိပါပဲ နှလုံးသားတစ်စုံအပိုင်စီးခံလိုက်ရတာ .... ပျော်တောင် ပျော်နေသေးတဲ့လူတစ်ယောက်လေ ... အဲ့ဒီနေ့ကပေါ့ ... အိပ်မက်ဆိုတာကို အသေအလဲ မက်ခဲ့ရတယ် ... မျက်စိဖွင့်ရက်ကြီးနဲ့ပေါ့ဗျာ .........




သိပ်ထူးတဲ့ နေ့တော့လည်းမဟုတ်ခဲ့ဘူး
အဲ့ဒီနေ့က
လေထဲမှာ အောက်ဆီဂျင်ပါသလို
ရေထဲမှာလည်း အသက်ရှူ မရခဲ့ဘူး .....
အဲ .. ရင်ထဲမှာတော့
နွေရဲ့ လှိုင်းတစ်ခု .. အပျော်ကြူးသွားခဲ့တယ် .....

ဆောင်းနှင်းပွင့်ချိန်မှာ
သံပုရာရည် ခပ်အေးအေးလေး
မှုတ်သောက်လိုက်ရသလိုပါပဲ
အသဲနှလုံးက ရုတ်ချည်းအေးစက်
နွေရက်တွေနဲ့ ရင်ဆိုင်လိုက်ရသလို
မုန်းတိုင်းငယ်တစ်ခု အလိုမတူပါပဲ တိုက်ခတ်ခဲ့ပြီ ....

မျက်ရည်လည်ရွှဲနဲ့
ငါဒူးထောက်နေပင်မယ့်လည်း
အသွားထက်တဲ့
အဲ့ဒီ နှုတ်ခမ်းတစ်စုံက
အချစ်တေးသွားကိုပဲ သီဆိုနေခဲ့တယ် ....

မပြိုခင် နေချင်သူမို့
အလုံးစုံကျဆုံးခြင်းမတိုင်ခင်
ငါလည်းလေ စစ်ကူတောင်းချင်ပါတယ် ...

လေညှင်းလေး .......

လေညှင်းလေးရေ
နင်သာ အရောက်နောက်ကျခဲ့ရင်
ငါဆိုတဲ့ .. ခပ်တုံးတုံး လူတစ်ယောက်တော့
ပ၀ါမကူ ရေမရှူလိုက်ရပါပဲ
အလဲထိုးခံရတော့မယ် ထင်ပါရဲ့ ....



ကျွန်တော် ကြောက်မိပါတယ် .. အချစ်ကို မပြင်ဆင်ပဲ ကြိုဆိုလိုက်ရတော့ အဆင်သင့်တော့ မဖြစ်ခဲ့ဘူးလေ ... ဒါကြောင့်ကျွန်တော့ရဲ့ တမ်းတဖေါ် လေညှင်းလေးကိုပဲ မျှော်လင့်မိတာပေါ့ .... ရင်ကို အေးမြစေတာကိုး ......

ဒါပေမယ့်လည်းလေ
ကျွန်တော့ရဲ့ လေညှင်းလေးကိုက
သူမပဲ ဖြစ်နေတယ်လေ ......

ကျွန်တော် ပြောပါတယ်... အဲ့ဒီမုန်တိုင်းက မကမ်းလင့်ပါပဲ အပိုင်စီးခံလိုက်ရတဲ့ နှစ်လုံးသားတစ်စုံအတွက် သီးသန့် တိုက်ခတ်ပေးခဲ့ ခြင်းမို့ ကြောက်ရင်းနဲ့ပဲ ပျော်နေခဲ့မိတယ်လေ .......

1 comments:

မယ့်ကိုး said...

လေညှင်းလေးရေ
နင်သာ အရောက်နောက်ကျခဲ့ရင်
ငါဆိုတဲ့ .. ခပ်တုံးတုံး လူတစ်ယောက်တော့
ပ၀ါမကူ ရေမရှူလိုက်ရပါပဲ
အလဲထိုးခံရတော့မယ် ထင်ပါရဲ့ ....

ပဝါမကူ ရေမရှုဆိုတဲ့ အသုံးအသစ်ကလေးကို ကြိုက်တယ်။စာလေးကိုလည်း ကြိုက်တယ်။

အားပေးလျက်

Post a Comment

အချစ်ကို သင် မျက်စိနဲ့ ပဲ ကြည့်ပါ .. နှလုံးသားက မမြင်ပါစေနဲ့  ....